အလုပ်ကြောင့် စိတ်ကျန်းမာရေး ထိခိုက်နေပြီလား
လူရယ်လို့ဖြစ်လာပြီး အရွယ်ရောက်လာပြီဆိုရင် လုပ်ငန်းခွင်ထဲ ဝင်ရောက်လုပ်ကိုင်ရမှာ သဘာဝပါပဲ။ လုပ်ငန်းခွင်ထဲ ရောက်လာတဲ့အခါ မတူညီတဲ့ ပတ်ဝန်းကျင်က သူစိမ်းတွေနဲ့ Team တစ်ခုတည်းမှာ ပြောဆိုဆက်ဆံပြီး အလုပ်လုပ်ရတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ဝင်လာတတ်သလို၊ အလုပ်ကနေ ရလာတဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ကိုယ့်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။
ဘယ်လိုအရာတွေက လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုကို ဖြစ်စေနိုင်သလဲ
- အလုပ်ချိန်၊ အလုပ်လုပ်ရက်တွေ များပြားလွန်းတာ
- ကိုယ်ထမ်းဆောင်ရတဲ့ အလုပ်နဲ့ တာဝန်ယူမှုတွေ များလွန်းတာ
- အလုပ်နဲ့ပတ်သက်လို့ လစာ၊ အကျိုးခံစားခွင့်၊ တိုးတက်မှု၊ ရာထူးအခွင့်အလမ်းတွေ နည်းပါးလွန်းတာ
- ဝန်ထမ်းအချင်းချင်း အမြင်မကြည်လင်တာ၊ ပြဿနာဖြစ်တာ
- အထက်လူကြီးက ကိုယ့်အပေါ် မလိုအပ်တဲ့ ဖိအားတွေပေးလွန်းတာ
- လုပ်ငန်းခွင်ရဲ့ Nature က ကိုယ့်ဖြစ်တည်မှု၊ စိတ်ဓာတ်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတာ
- ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုအပေါ် အသိအမှတ်မပြုတာ
- လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲမှု ညံ့ဖျင်းတာ
- ကိုယ့်အလုပ်ကို လုပ်ရပိုလွယ်ကူစေဖို့ ကူညီပေးမှု၊ အထောက်အပံ့တွေ ကောင်းကောင်းမရရှိတာ
- လုပ်ငန်းခွင်က စိန်ခေါ်မှုနည်းပြီး ပျင်းစရာကောင်းလွန်းနေတာ
- လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်စော်ကားခံရတာ၊ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် နှိမ့်ချဆက်ဆံခံရတာ
ဒီအချက်တွေဟာ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုဝင်လာစေနိုင်တဲ့ အဖြစ်များတဲ့ အကြောင်းရင်းတွေပါပဲ။ လူတိုင်းလူတိုင်းရဲ့ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေ ကြုံလာရနိုင်တယ်ဆိုပေမယ့် လုပ်ငန်းခွင်က ရလာတဲ့ စိတ်ဖိစီးမှုတွေဟာ ဒီအလုပ်မှာ လုပ်နေသမျှကာလပတ်လုံး ကြုံတွေ့ခံစားနေရမှာဖြစ်ပြီး တော်ရုံနဲ့မပျောက်သွားသလို တစ်ပူပေါ် နှစ်ပူဆင့်ရင်းနဲ့ ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေက နာတာရှည်ဝေဒနာအထိ ပြောင်းလဲသွားရင်တော့ စိတ်ကျန်းမာရေး ထိခိုက်လာမှာ အသေအချာပါပဲ။
ဒါကြောင့် ကိုယ့်ရဲ့စိတ်ကျန်းမာရေး မထိခိုက်လာစေဖို့ လုပ်ငန်းခွင်ကရလာတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ဖို့နဲ့ ကောင်းကောင်း Manage လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီအတွက် ကိုယ့်ဘက်ကနေ ဘာတွေ ပြင်ဆင်ပြောင်းလဲရမလဲဆိုတာကို အကြံပေးရမယ်ဆိုရင် -
၁။ လုပ်ငန်းခွင်တိုင်းမှာ အခက်အခဲ၊ ပြဿနာဆိုတာ ရှိလာနိုင်တဲ့အတွက် ဒါကို ကြိုတွေးထားပြီး ကိုယ့်စိတ်ကို ကြံ့ခိုင်အောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
၂။ အလုပ်နဲ့ပတ်သက်လာရင် ကိုယ့်ဘက်က အကောင်းဆုံးသော Performance တွေကိုပဲ ပေးပါ၊ ကိုယ့်ရဲ့ အားထုတ်မှုကို အသိအမှတ်မပြုတဲ့အခါ ပိုကောင်းတဲ့တစ်နေရာကို ပြောင်းဖို့ စဉ်းစားပါ။
၃။ သူစိမ်းတွေနဲ့ ဆက်ဆံရပြီဆိုရင် အဆင်မပြေမှုတွေဆိုတာ အမြဲရှိလာမှာဖြစ်တဲ့အတွက် တတ်နိုင်သလောက် ကိုယ့်ဘက်က အလျှော့ပေးပြီး ဆက်ဆံပါ၊ အကောင်းမြင်စိတ်ကို မွေးပါ၊ လူတွေနဲ့ ခိုက်ရန်ဖြစ်ပွားတာမျိုး ရှောင်ပြီး ကိုယ့်အတွက် အဆင်ပြေစေတဲ့သူမျိုးမဟုတ်ရင် ခပ်တန်းတန်းပဲ ဆက်ဆံပြီး အလုပ်ကိစ္စအတွက်သာ စကားပြောဆိုပါ။
၄။ တစ်နေ့တာမှာ ကိုယ့်အတွက် ကိုယ်ပိုင်အနားယူချိန်နဲ့ ချစ်ရသူတွေအတွက် သီးသန့်အချိန် ဖယ်ထားပါ။ ကိုယ်ပိုင်အနားယူချိန်မှာ ကိုယ်ဝါသနာပါတာ၊ ကိုယ့်အတွက် ပျော်ရွှင်မှုဖြစ်စေတာ၊ ကိုယ့်ဘဝအတွက် အကျိုးရှိမယ့်အရာတွေကို လုပ်ပါ၊ လေ့လာသင်ယူပါ၊ မဟုတ်ရင်လည်း အနားပေးပါ၊ ခရီးထွက်ပါ။ ချစ်ရသူတွေကိုလည်း အချိန်ပေးပြီး ဂရုစိုက်ဖို့၊ အတူသွားလာစကားပြောဆိုဖို့ မမေ့ပါနဲ့။
၅။ လုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကိုယ့်ရဲ့အထက်လူကြီး ဒါမှမဟုတ် HR ကို ဖွင့်ပြောပြပြီး သင့်တော်တဲ့ နည်းလမ်း၊ အကြံဉာဏ်တွေ တောင်းယူပါ။
၆။ အထက်လူကြီးတွေနဲ့ ဆက်ဆံစကားပြောတဲ့အခါ ကိုယ့်ဘက်ကရှုထောင့်၊ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။
၇။ ကိုယ်နဲ့လုံးဝမကိုက်ညီတဲ့ လုပ်ငန်းခွင်ဆိုရင်တော့ စောစောစီးစီး အလုပ်ထွက်လိုက်တာ ကောင်းပါတယ်။ ဘယ်လောက်ပဲ လစာကောင်းပြီး အဆင့်အတန်းမြင့်နေပါစေ၊ Toxic ဖြစ်လွန်းတဲ့ လုပ်ငန်းခွင်၊ လုပ်ဖော်ကိုင်ဖက်တွေဟာ ကိုယ့်စိတ်ကျန်းမာရေးကို ဆုတ်ယုတ်လာစေတဲ့ အဓိကတရားခံတွေပါပဲ။
၈။ အလုပ်တာဝန်တွေကို မလစ်ဟင်းအောင် လုပ်နေတဲ့ကြားကနေ ရသလောက် ကိုယ့်စိတ်ကို Relax ထားပြီး အလုပ်လုပ်ပါ။
၉။ ကိုယ့်ရဲ့စိတ်ဖိစီးမှု၊ ကြုံလာရတဲ့ စိတ်ညစ်စရာပြဿနာတွေကို ချစ်ရသူတွေထံ ရင်ဖွင့်ပါ၊ အကူအညီတောင်းပါ၊ ဒီလိုမဟုတ်ဘဲ စိတ်ညစ်လို့ဆိုပြီး သူတို့အပေါ်ကို ဒေါသပုံချလို့တော့ အဆင်မပြေပါဘူး။
၁၀။ နောက်ဆုံး ကိုယ်ဟာ ဒီလုပ်ငန်းခွင်ကနေ လုံးဝထွက်ဖို့စိတ်ကူးမရှိဘူး၊ ဒါပေမယ့် နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် သေချာနည်းလမ်းမှန်မှန်နဲ့ ထိန်းချုပ်ချင်တယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ Therapist တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဘဝနေထိုင်မှုနဲ့ တွေးခေါ်မှုပုံစံကို အကောင်းဘက်ကို ပြောင်းလဲလိုက်ပါ။
လုပ်ငန်းခွင်ကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေဆိုတာ နာတာရှည်စိတ်ဝေဒနာအထိပါ ပြောင်းလဲနိုင်ပြီး ကိုယ့်ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့အတွက် စောစောထိန်းချုပ်ထားနိုင်လေ၊ ကိုယ့်အတွက် ဘေးအန္တရာယ်နည်းလေး ဖြစ်မှာပါ။
ရဲမျိုးမြတ်